crd
unicode
ပြန်လည်ပွဲထွက်ခွင့်ရတော့မယ့် မန်ချက်စတာဒါဘီကပေးပို့မှုအအောင်မြင်ဆုံး သရဲနီကြယ်ပွင့်
မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဒီအပတ်မှာ အိုမိုနီးယားအသင်းနဲ့ ယူရိုပါလိဂ် ပွဲစဥ် ကစားဖို့ရှိပြီး ပွဲထွက်လူစာရင်းကို အပြောင်းအလဲလုပ်ဖို့ မျှော်လင့်ရပါတယ်။ ပွဲထွက်ခွင့်ရမယ့်သူတွေထဲမှာ ဗစ်တာ လင်ဒီလော့လည်း ပါဝင်လာဖို့ မျှော်လင့်ရပြီး ဒီအပတ် အဲဗာတန်နဲ့ ပရီးမီးယားလိဂ် ပွဲစဥ်မှာတောင် ဆက်လက် ပါဝင်ခွင့်ရနိုင်ပါတယ်။
ဟယ်ရီ မက်ဂွဲယားက ဒဏ်ရာ ပြဿနာကြောင့် မန်ချက်စတာ ဒါဘီကို လွဲချော်ခဲ့သလို ရာဖာ ဗာရန်းကလည်း စီးတီးနဲ့ ပွဲစဥ်မှာပဲ ဒဏ်ရာရသွားခဲ့ပါတယ်။ သူတို့ ( ၂ ) ဦးစလုံး ပြန်ကစားနိုင်မယ့် ရက်ကို ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး ။ ဒါကြောင့် ကြံ့ခိုင်မှု ပြည့်ဝနေတဲ့ လင်ဒီလော့က ပွဲထွက်ခွင့်နေရာ အစားထိုးဖို့ အသင့်ရှိနေပါတယ်။
လင်ဒီလော့ဟာ စီးတီးနဲ့ပွဲစဥ်မှာ လူစားဝင်ပြီး ဒီရာသီ ပထမဆုံး ပရီးမီးယားလိဂ်ပွဲစဥ် ကစားခဲ့ပါတယ်။ သူက ဘောလုံးပေးပို့မှု ( ၄၁ ) ကြိမ် ပြုလုပ်ရာမှာ အကြိမ် ( ၄၀ ) အောင်မြင်ခဲ့ပြီး ( ၉၈ ) ရာခိုင်နှုန်းထိ တိကျခဲ့ပါတယ်။ ဒါ့အပြင် tackle ( ၁ ) ကြိမ် အောင်မြင်ခဲ့ပြီး ကန်သွင်းမှု ( ၁ ) ကြိမ် ပိတ်ဆို့ခဲ့သလို ဘောလုံးရှင်းထုတ်မှု ( ၁ ) ကြိမ်လည်း ပြုလုပ်နိုင်ခဲ့ပါသေးတယ်။ အသက် ( ၂၈ ) နှစ်အရွယ် နောက်ခံလူဟာ ယူနိုက်တက်ကို ပြောင်းရွေ့လာကတည်းက ပုံမှန်ကစားခွင့်ရခဲ့ပြီး ပြိုင်ပွဲစုံ ( ၁၉၈ ) ပွဲ ကစားထားပါတယ်။
ဒါပေမယ့် ဒီရာသီမှာတော့ လီဆန်ဒရို မာတီးနက် ၊ ရာဖာ ဗာရန်း တို့ထံ ပုံမှန်ပွဲထွက်ခွင့် လွဲပြောင်းပေးခဲ့ရပြီး စတုတ္ထဦးစားပေး နောက်ခံလူ ဖြစ်နေပါတယ်။ ဒါပေမယ့် ဗာရန်းက ဒီရာသီ ပထမဆုံးဒဏ်ရာ ရရှိသွားတာကြောင့် လင်ဒီလော့အနေနဲ့ မာတီးနက်နဲ့ တွဲဖက်ကစားခွင့်ရလာနိုင်ပါတယ်။ သူ့အနေနဲ့ ယခုလို အခွင့်အရေး အနည်းငယ်ကို အသုံးချနိုင်မယ်ဆိုရင် အနာဂတ်မှာ ယခုထက် ပိုမို အခွင့်အရေး ရလာဖို့ သေချာပါတယ်။