



crd

unicode

ရော်နယ်ဒိုနေရာအစားထိုးဖို့ ယူနိုက်တက်ဘုတ်အဖွဲ့ထံ အဲရစ်တန်ဟဂ်တောင်းဆိုထားတဲ့ ကြယ်ပွင့်တစ်ဦး

‌ပေါ်တူဂီတိုက်စစ်မှူး ခရစ္စတီယာနိုရော်နယ်ဒိုသည် ကမ္ဘာ့ဖလားမတိုင်မှ နောက်ဆုံးကစားခဲ့သည့် မန်ချက်စတာယူနိုက်တက်အသင်းနှင့် ဖူလ်ဟမ်အသင်းတို့ပွဲစဉ်ကို ဒဏ်ရာပြဿနာကြောင့် နှုတ်ထွက်ခဲ့ပြီး သတင်းထောက်တစ်ဦးဖြစ်သည့် ပီယာ့စ် မောဂန်နှင့် မိနစ် ၉၀ ကျော်ကြာ အင်တာဗျူးတစ်ခုပြုလုပ်ခဲ့ပြီး ယူနိုက်တက်ရဲ့ အတွင်းသတင်းများကို ဖွင့်ထုတ်ခဲ့ပါတယ်။အဆိုပါလုပ်ရပ်ကြောင့် ယူနိုက်တက်နည်းပြ တန်ဟဂ်အပါအဝင် ၎င်း၏ကလပ်အသင်းဖော်များအပြင် အသင်းရဲ့တာဝန်ရှိသူများက စိတ်ပျက်လက်ပျက်ဖြစ်ခဲ့ပြီး ယူနိုက်တက်ဟာ ရော်နယ်ဒိုနှင့် နှစ်ဦးသဘောတူစာချုပ်ဖျက်သိမ်းခဲ့ကာ ယင်းကစားသမားကို အသင်းမှ ထုတ်ပယ်ခဲ့ပါတယ်။

ယူနိုက်တက်နည်းပြ တန်ဟဂ်သည် ဒီ‌ဇန်နဝါရီကာလတွင် တိုက်စစ်မှူးသစ်တစ်ဦးအတွက် ငွေကြေးအမြောက်အမြားအသုံးမပြုဖို့ စီစဉ်ထားသော်လည်း ရော်နယ်ဒိုကို ထုတ်ပယ်ခဲ့ပြီးချိန်မှာ ၎င်း၏ဆုံးဖြတ်ချက်အား ပြန်လည်ပြင်ဆင်ခဲ့ရပြီး ယခုအချိန်မှာတော့ ၎င်းခေါ်ယူလိုတဲ့ တိုက်စစ်ကစားသမားကို ယူနိုက်တက်ဘုတ်အဖွဲ့ထံ တင်ပြထားပြီးဖြစ်သည်။ Erik ten Hag သည် အသင်း၏တာ၀န်ရှိသူများကို ဆောင်းရာသီဈေးကွက်အတွင်း ရော်နယ်ဒို၏ အစားထိုးရန်အတွက် အေစီမီလန်အသင်းရဲ့ ပေါ်တူဂီ ကြယ်ပွင့်တိုက်စစ်ကစားသမား Rafael Leao ကို စိတ်ဝင်စားကြောင်းနှင့် သူ့ရဲ့ခြေစွမ်းပိုင်းနှင့်ပတ်သတ်၍ ဆက်လက်စောင့်ကြည့်ရန် ဘုတ်အဖွဲ့အား‌ တိုက်တွန်းထားကြောင်း ESPN ရဲ့ဖော်ပြချက်အရ သိရှိရသည်။

ရာဖေးလ်လီအိုသည် ပြီးခဲ့တဲ့ဘောလုံးရာသီမှာကတည်းက ထွန်းတောက်လာသည့် လူငယ်ကြယ်ပွင့်တစ်ဦးဖြစ်ပြီး ယခုရာသီမှာလည်း အလားတူပုံစဲမျိုးဖြင့် ကောင်းမွန်သည့်ရာသီအစတစ်ခုကို ပိုင်‌ဆိုင်ထားခဲ့ပြီး လိဂ်ပွဲ ၁၄ ပွဲ ကစားပြီးချိန်တွင် သွင်းဂိုး ၆ ဂိုးနှင့် ဂိုးဖန်တီး ၄ ကြိမ်ထိ ပြုလုပ်ထားနိုင်ပါတယ်။လက်ရှိအချိန်တွင် သူသည် ပေါ်တူဂီအသင်းနှင့် ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်နေပြီး ယမန်နေ့က ဂါနာအသင်းကို အနိုင်ရရှိခဲ့တဲ့ပွဲစဉ်တွင် ပေါ်တူဂီအသင်းအတွက် ‌အရေးပါသည့်သွင်းဂိုးတစ်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဒီသွင်းဂိုးဟာ ပေါ်တူဂီအသင်းအတွက် အနိုင်သွင်းဂိုးလည်းဖြစ်ခဲ့သလို ၎င်း၏ပရော်ဖက်ရှင်နယ်ကစားသမားဘဝ ပထမဆုံးကမ္ဘာ့ဖလားသွင်းဂိုးလည်း ဖြစ်ခဲ့ပါတယ်။

အေစီမီလန်အသင်းဟာ ၎င်းတို့ကြယ်ပွင့်ကို ဇန်နဝါရီဈေးကွက်တွင် ရောင်းချသွားဖို့ အစီအစဉ်မရှိ‌ဘဲ နောက်နှစ်နွေရာသီမှသာ ရောင်းချသွားဖွယ်ရှိသည်။ ယင်းကစားသမားအတွက် အေစီမီလန်အသင်းဟာ ပေါင်သန်း ၁၀၀ ထိ သတ်မှတ်ထားပြီး ဒါဟာမြင့်မားတဲ့ပြောင်းရွှေ့ကြေးတစ်ခုလည်း ဖြစ်ပါတယ်။ ရာဖေးလ်လီအိုကို မန်ချက်စတာယူနိုက်တက်အသင်းအပြင် ချယ်လ်ဆီးအသင်းကလည်း ခေါ်ယူရန်ပစ်မှတ်ထားစောင့်ကြည့်နေပြီး သူဟာ ချယ်လ်ဆီးအသင်းရဲ့ထိပ်တန်းပစ်မှတ်တစ်ခုလည်း ဖြစ်ပါတယ်။ ချယ်လ်ဆီးဟာ ၎င်းတို့တောင်ပံကစားသမား ဇီယက်ခ်ျကို အေစီထံသို့ရောင်းချပြီး ရာဖေးလ်လီအိုကို ပြန်လည်ခေါ်ယူဖို့ ကြိုးပမ်းနေ‌တာဖြစ်ကြောင်း Mirror က ယခုလအစောပိုင်းတုန်းက ဖော်ပြထားခဲ့သည်။

Add a Comment

Your email address will not be published. Required fields are marked *