



crd

unicode

အသင်းမှာအောင်မြင်မှုရဖို့ ဘာမဆိုပေးဆပ်သွားဖို့အဆင်သင့်ဖြစ်နေတဲ့ သရဲနီလူငယ် ဟန်နီဘယ်လ်

မန်ချက်စတာယူနိုက်တက်လူငယ်ကစားသမား ဟန်နီဘယ်လ်က အသင်းမှာ အောင်မြင်တဲ့ကစားသမားတစ်ဦးဖြစ်လာဖို့အတွက် ဘာမဆိုပေးဆပ်သွားဖို့အသင့်ရှိတယ်လို့ ကြုံးဝါးပြောဆိုခဲ့ပါတယ်။ အသက်(၁၉)နှစ်သာရှိသေးတဲ့ တူနီးရှားလက်ရွေးစင်ကွင်းလယ်လူ ဟန်နီဘယ်လ်ဟာ ၂၀၁၉ ခုနှစ်တုန်းက မိုနာကိုလူငယ်အသင်းကနေ ယူနိုက်တက်အကယ်ဒမီကိုပြောင်းရွှေ့ခဲ့ပြီး ၂၀၂၀-၂၁ ရာသီပိတ်ပွဲဖြစ်တဲ့ ဝုလ်ဗ်အသင်းနဲ့ပွဲမှာ စီနီယာအသင်းအတွက် ပထမဆုံးအကြိမ်ပါဝင် ကစားခွင့်ရခဲ့ပါတယ်။

ဟန်နီဘယ်လ်ဟာ ပြီးခဲ့တဲ့ ယူနိုက်တက်အသင်းရဲ့ ရာသီကြိုခြေစမ်းပွဲတချို့မှာ ပါဝင်ကစားခွင့်ရခဲ့ပေမယ့် နည်းပြအဲရစ်တန်ဟက် စိတ်ကျေနပ်လောက်တဲ့ စွမ်းဆောင်ရည်မျိုး မပြသနိုင်ခဲ့ပါဘူး။ဒါပေမဲ့ ဟန်နီဘယ်လ်ကတော့ ယူနိုက်တက်အသင်းကြီးမှာ ခြေစွမ်းပြ ကစားခွင့်ရဖို့ အစွမ်းကုန်ကြိုးစားမယ်ဆိုပြီး ကြုံးဝါးပြောဆိုခဲ့ပါတယ်။

ကျွန်တော် မန်ချက်စတာယူနိုက်တက်အသင်းကြီးရဲ့ လူစာရင်းမှာ မပါရလို့ ဘာမှမဖြစ်ပါဘူး။ ကျွန်တော်က ဒီအသင်းအတွက် ကစားပေးဖို့ ရောက်လာခဲ့တာပါ။ ပဲရစ်မြို့ကနေလာပြီး လူငယ်လေးတစ်ယောက်က ဘယ်လောက်ထိလုပ်နိုင်တယ်ဆိုတာ ကမ္ဘာကို သက်သေပြဖို့ လာခဲ့တာပါ။

ဟန်နီဘယ်လ်က “အခုထက် ပိုကြိုးစားဖို့လိုတယ်လို့ ကျွန်တော် ကိုယ့်ကိုယ်ကိုယ် သတိပေးခဲ့ပါတယ်။ ဒီအသင်းကို ပြောင်းရွှေ့လာတာ အောင်မြင်မှုတစ်ခုမှမရဘဲ အဆုံးသတ်သွားဖို့မဟုတ်သလို ကျွန်တော့်ရဲ့ ကစားသမားဘဝမှတ်တမ်းမှာ ယူနိုက်တက်မှာကစားခဲ့ဖူးတယ်ဆိုတဲ့ ဂုဏ်ပုဒ်ပိုင်ဆိုင်ဖို့လည်း မဟုတ်ပါဘူး။ အသင်းမှာ အောင်မြင်တဲ့ ကစားသမားတစ်ယောက်ဖြစ်လာဖို့ ဘယ်အရာမဆိုစွန့်လွှတ် ပေးဆပ်သွားဖို့ အသင့်ပါပဲ”လို့ပြောကြားခဲ့ပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *