crd
unicode
သူ့ရဲ့စံချိန်ကိုကျော်ဖြတ်ခဲ့တဲ့ ယူနိုက်တက်ပစ်မှတ် ဂိုးသွင်းစက်အပေါ် မှတ်ချက်ပေးလာတဲ့ သရဲနီဂန္တဝင် ဝိန်းရွန်းနီ
မန်ချက်စတာယူနိုက်တက်ဂန္တဝင်ကစားသမားဟောင်း ဝိန်းရွန်းနီက သူ့အနေနဲ့ ဟယ်ရီ ကိန်းဟာ အင်္ဂလန်အသင်းအတွက် လေးပွဲတည်းသာ ကစားရသေးတဲ့အချိန်မှာ အင်္ဂလန်ရဲ့ သွင်းဂိုးအများဆုံးစံချိန်ကို ချိုးဖျက်လိမ့်မယ်ဆိုတာ သိခဲ့ကြောင်းနဲ့ ကိန်းနဲ့ ခရစ္စတီယာနို ရော်နယ်ဒိုတို့ အကြားက တူညီတဲ့အချက်တစ်ခုကို ပြောပြလာပါတယ်။ ကိန်းဟာ အင်္ဂါနေ့ညက အီတလီအသင်းကို ၂ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ပင်နယ်တီကနေတဆင့် တစ်ဂိုးသွင်းခဲ့ပြီးနောက် ရွန်းနီရဲ့ အင်္ဂလန်အသင်းအတွက် သွင်းဂိုးအများဆုံးစံချိန်ကို ကျော်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။
ထို့အတွက်ကြောင့် ရွန်းနီက ” အဲ့ဒီတုန်းက အင်္ဂလန်အတွက် ဟယ်ရီက သုံးဂိုးပဲ သွင်းထားနိုင်ခဲ့သေးတယ်၊ ဒါပေမယ့် ဒီစကားတွေကို ကျွန်တော် ပြောခဲ့တယ်၊ ဘာလို့လဲဆိုတော့ သူ လုပ်နိုင်လိမ့်မယ်ဆိုတာကို ကျွန်တော် သိခဲ့တာကြောင့်ပါ။ သူ လေးပွဲတည်းကစားရသေးချိန်မှာတောင် သူသာ ဒီပုံစံအတိုင်းဆက်ကစားသွားမယ်ဆိုရင် အင်္ဂလန်ရဲ့ ဂိုးအများဆုံးကစားသမား ဖြစ်လာနိုင်တာ သိခဲ့တယ်။
သူ ကစားသမားဘဝကနေ အနားယူတဲ့အခါ၊ အခြားတစ်ယောက်က ချိုးဖျက်နိုင်ဖို့ အလွန်ခက်တဲ့ အင်္ဂလန်စံချိန်ကောင်းတစ်ခုကို သူ တင်နိုင်ခဲ့လိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ် ” သူက ပိုလန်အသင်းရဲ့ ရောဘတ် လီဝန်ဒေါ့စကီးလိုမျိုး ဖြစ်ချင်တာပါ၊ အသက် ၃၀ ကျော်တာတောင် အရမ်းမြင့်မားတဲ့ ထိပ်ဆုံးနေရာ လယ်ဗယ်တစ်ခုမှာ ရှိနေဆဲဖြစ်တဲ့ ဂိုးသွင်းစက်တစ်ဦးလိုပေါ့၊ ပြီးတော့ အဲ့ဒီလိုလုပ်နိုင်ဖို့ သူ့ဆီမှာ အရည်အချင်းတွေ ရှိနေပါတယ်။
ဟယ်ရီက အသက် ၇၀ ရောက်တဲ့အချိန်ထိတောင် အင်္ဂလန်ရဲ့ သွင်းဂိုးအများဆုံးကစားသမား ဖြစ်နေမယ်လို့ ထင်တယ်။ အဲ့ဒီလိုမျိုး မြင်မိတဲ့ တစ်ဦးတည်းသော အခြားကစားသမားက ခရစ္စတီယာနို ရော်နယ်ဒိုပါပဲ၊ သူနဲ့ ဟယ်ရီတို့ နှစ်ဦးစလုံးမှာက ကောင်းတဲ့ တစ်ကိုယ်ကောင်းဆန်ခြင်းလို့ အမည်တပ်နိုင်တဲ့ အရာတစ်ခုရှိနေတယ်၊ သွင်းဂိုးတွေနဲ့ ပတ်သက်ပြီး စွဲလန်းစိတ်ဖြစ်တာမျိုးပေါ့။ အဲ့ဒါက သူတို့တွေရဲ့ အောင်မြင်မှုအတွက် အရေးပါပါတယ် ” လို့ ပြောဆိုသွားခဲ့ပါတယ်။