



crd

unicode

သူဂိုးသွင်းတဲ့ပွဲတိုင်း ဘရာဇီးလ်အသင်းဘယ်တော့မှရှုံးလေ့မရှိတဲ့ မှတ်တမ်းကောင်းကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့တဲ့ MOTM ကတ်စ်မဲရိုး

ဘရာဇီးလ်အသင်းဟာ ဆွစ်ဇာလန်နဲ့ကစားခဲ့တဲ့ အုပ်စုဒုတိယပွဲမှာ ကွင်းလယ်လူ ကတ်စ်မဲရိုးရဲ့ လှပတဲ့ဂိုးနဲ့ အနိုင်ယူပြီး ရှုံးထွက် (၁၆)သင်းအဆင့်ကို တက်ရောက်သွားပြီဖြစ်ပါတယ်။ ဘရာဇီးလ်အတွက် တစ်လုံးတည်းသောဂိုးကို ပွဲချိန်(၈၃)မိနစ်မှာ ရိုဒရီဂို ပေးတာကနေ ကတ်စ်မဲရိုးက ပြင်းထန်အားပါတဲ့ ညာခြေကန်ချက်နဲ့ သွင်းယူခဲ့တာဖြစ်ပြီး ဆွစ်ဇာလန် ဝါရင့်ဂိုးသမားကြီး ဆွမ်မာ ဘာမှ မတတ်နိုင်ခဲ့ပါဘူး။

ဒီဂိုးဟာ ကတ်စ်မဲရိုးအတွက် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပထမဆုံးသွင်းဂိုးဖြစ်ပြီး လက်ရွေးစင်ကစားသမားဘ၀ (၆)ဂိုးမြောက်သွင်းယူခဲ့တဲ့ ဂိုးလည်းဖြစ်ပါတယ်။ ဆွစ်ဇာလန်နဲ့ပွဲမှာ အနိုင်ရခဲ့ပြီးတဲ့နောက် ကတ်စ်မဲရိုးဟာ ဘရာဇီးလ်အတွက် သူ ဂိုးသွင်းနိုင်တဲ့ပွဲတိုင်း ဘယ်တော့မှ မရှုံးတဲ့ မှတ်တမ်းကောင်းကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့ပါတယ်။

အသက်(၃၀)အရွယ်ရှိပြီဖြစ်သူ ကတ်စ်မဲရိုးဟာ ၂၀၁၁၊ စက်တင်ဘာ(၁၄)ရက်တုန်းက အာဂျင်တီးနားအသင်းနဲ့ ကစားခဲ့တဲ့ပွဲမှာ ဘရာဇီးလ်အသင်းအတွက် ပွဲဦးထွက်ခွင့်ရခဲ့ပီး လက်ရှိအချိန်အထိ (၆၇)ပွဲကစားခဲ့ပါတယ်။ လက်ရွေးစင်ကစားသမားဘ၀ ပထမဆုံးဂိုးကို ၂၀၁၉ ကိုပါအမေရိကဖလားပွဲအဖြစ် ပီရူးကို (၅-ဝ)ဂိုးပြတ်အနိုင်ရတဲ့ပွဲမှာ သွင်းယူခဲ့ပြီး ၂၀၁၉ ခုနှစ်ထဲမှာပဲ
ကိုလံဘီယာ(၂-၂)၊ နိုက်ဂျီးရီးယား (၁-၁)တို့နဲ့ကစားခဲ့တဲ့ ခြေစမ်းပွဲတွေမှာလည်း ဂိုးသွင်းယူခဲ့ပါတယ်။ အဲဒီနောက် ၂၀၂၁ ကိုပါအမေရိကဖလားပွဲအဖြစ် ကိုလံဘီယာကို (၂-၁)ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ ကတ်စ်မဲရိုး ဂိုးသွင်းခဲ့သလို အခုနှစ်၊ ဇန်နဝါရီလအတွင်း ပီရူးနဲ့ (၁-၁)ဂိုးစီသရေကျခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာလည်း တစ်ဂိုးသွင်းနိုင်ခဲ့ပါတယ်။

ကတ်စ်မဲရိုးဟာ အခုနှစ်အတွင်း မန်ချက်စတာ ယူနိုက်တက်အတွက် သာမက ဘရာဇီးလ်လက်ရွေးစင်အသင်းမှာပါ ခြေစွမ်းပြကစားနေပြီး ဆွစ်ဇာလန်နဲ့ပွဲမှာ Man of The Match ဆုကို ဆွတ်ခူးရရှိခဲ့ပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *