crd
unicode
သရဲနီ DNA အပြည့်ရှိတဲ့ Captain Jack ရဲ့ခြေစွမ်းပြမှုကြောင့် အပြီးသတ်ခေါ်ယူသွားဖို့ စီစဉ်နေတဲ့ မန်ယူနိုက်တက်
မန်ယူအသင်းဟာ အငှားခေါ်ယူထားတဲ့ ကစားသမားတွေဖြစ်တဲ့ ဘတ်လန်း၊ ဝက်စ်ဂိုစ့်နဲ့ ဆဘစ်ဇာ တို့ထဲက တစ်ဦးကို လာမယ့်နွေမှာ အပြီးသတ်ဝယ်ယူဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။ အသင်းတာဝန်ရှိသူတွေက အငှားခေါ်ယူထားတဲ့ ကစားသမား(၃)ဦးအနက် ဝက်စ်ဂိုစ့်နဲ့ ဆဘစ်ဇာရဲ့ အသင်းအပေါ်အကျိုးပြုမှုနဲ့ပက်သက်ပြီး ကျေနပ်အားရလျက်ရှိပြီး ဘိုင်ယန် ကနေ ခေါ်ယူခဲ့တဲ့ ကွင်းလယ်လူ ဆဘစ်ဇာ ကိုတော့ အပြီးသတ်ဝယ်ယူရန်အထိ စောင့်ကြည့်စာရင်းထဲ ထည့်သွင်းခဲ့တာပဲ ဖြစ်ပါတယ်။
ဆဘစ်ဇာ ဟာ အသင်းရဲ့ ကွင်းလယ်အားနည်းမှုအမြင့်ဆုံးအချိန်မှာ ဝင်ရောက်လာခဲ့သူဖြစ်ပေမယ့် သိသာတဲ့ ထိရောက်မှု ပြသနိုင်ခဲ့သလို တန်ဟဂ် အပါဝင် အဝတ်လဲခန်းအတွင်း အထင်ကြီးလောက်စရာ ခြေစွမ်းကို ပြသနိုင်ခဲ့ပါတယ်။ ဆဘစ်ဇာ အနေနဲ့ ကတ်စမဲရိုး မပါဝင်နိုင်ချိန်မှာ အသင်းရဲ့ကွင်းလယ်ပိုင်းကို မနိုင်ဝန် ထမ်းခဲ့ရပေမယ့် တစ်ဦးချင်းစွမ်းဆောင်ရည်အရရော အသင်းကစားကွက်ပိုင်းအတွက်ပါ အကောင်းဆုံး စွမ်းရည်ကို ပြသနိုင်ခဲ့ပါတယ်။
လိဒ် ကို အနိုင်ရခဲ့တဲ့ ဒုကျော့ မှာ ဆဘစ်ဇာ ရဲ့ စွမ်းဆောင်ရည်က အံမခန်း ဖြစ်ခဲ့ပြီး အသင်းနဲ့ အသားကျလေ ပိုကောင်းမွန်တဲ့ ကစားဟန် နဲ့ ထိရောက်မှုကို ချပြနိုင်လေ ဖြစ်လာပါတယ်။ ဆဘစ်ဇာက လိဒ် နဲ့ ပွဲမှာ ဖျတ်ထုတ်မှုအောင်မြင်နှုန်း(၁၀၀%)၊ ဧရိယာအတွင်းပေးပို့မှု (၁၃/၁၃)ကြိမ်၊ ကြားဖြတ်လုယူမှု (၂)ကြိမ် အပြင် ရရှ်ဖိုဒ့် ရဲ့ ဂိုးအတွက် ရှောထံ ကစားကွက်အပြောင်းလဲဖြစ်စေမယ့် ပေးပို့မှုပြုလုပ်ခဲ့သူပဲဖြစ်ပါတယ်။
ယူနိုက်တဒ် အနေနဲ့လာမယ့်နွေမှာ ကွင်းလယ်ကစားသမားသစ် ခေါ်ယူရန်လျာထားတာကြောင့် ဆဘစ်ဇာက စောင့်ကြည့်စာရင်းမှာ ပါဝင်သွားတာပဲဖြစ်ပါတယ်။ဘိုင်ယန်အသင်းက သူတို့ရဲ့ ကွင်းလယ်ကို တိုက်ရိုက်အငှားနဲ့သာ စေလွှတ်ခဲ့တာဖြစ်လို့ အပြီးသတ်ဝယ်ယူလိုတယ်ဆိုရင် တကျော့ပြန် ဆွေးနွေးမှုတွေ ပြုလုပ်ရဦးမှာပဲ ဖြစ်ပါတယ်။ ဆဘစ်ဇာ ရဲ့ ကစားဟန် ကိုသာမက ကြံခိုင်မှု၊စိတ်ပိုင်းဆိုင်ရာ နဲ့ ဦးဆောင်နိုင်စွမ်းတွေကိုပါ တန်ဟဂ် က သဘောကျနေတာဖြစ်လို့ ယခုခြေစွမ်းကို ရာသီကုန်အထိ ထိမ်းသိမ်းထားနိုင်ရင် လာမယ့်နွေမှာ သေချာပေါက် ခေါ်ယူရန် ကြိုးစားဖွယ်ရှိပါတယ်။ ဘိုင်ယန် အနေနဲ့ ဆဘစ်ဇာ ကို အပြီးသတ် ရောင်းချမယ်ဆိုရင် ယူရိုသန်း(၄၀)ထက်မနည်းတဲ့ ဈေးနဲ့ရောင်းချနိုင်ပေမယ့် ခက်ခဲတဲ့ညှိနှိုင်းမှုတော့ ဖြစ်လာပါလိမ့်မယ်။