



crd

unicode

လာလီဂါထိပ်တန်းခံစစ်မှူးကိုခေါ်ယူဖို့ တရားဝင်ဆွေးနွေးမှု စတင်နေပြီဖြစ်တဲ့ မန်ယူနိုက်တက်

ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်ဟာ လာမယ့် နွေအပြောင်းအရွှေ့မှာ စပိန်လာလီဂါ နာမည်ကြီးကလပ် ဗီလာရီးရဲလ်ရဲ့ အဓိက နောက်ခံလူ ပါအူလ် တောရက်စ်ကို ခေါ်ယူဖို့ သူ့ရဲ့ အေးဂျင့်ဖြစ်သူနဲ့ တရားဝင် ဆွေးနွေးမှုတွေ စတင် ပြုလုပ်နေကြောင်း စပိန်အခြေစိုက် နာမည်ကြီး သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။ မန်ချက်စတာ ယူနိုက်တက်က လက်ရှိအချိန်မှာ မက်ဂွိုင်းယား ၊ လင်ဒီလော့ဖ် ၊ ဗာရန်း ၊ ဘိုင်လီ ၊ ဖီးလ်ဂျုံးစ် စတဲ့ ဗဟိုခံစစ်မှူးတွေကို ပိုင်ဆိုင်ထားပေမယ့် ဘိုင်လီနဲ့ ဖီးလ်ဂျုံးစ်တို့ဟာ လာမယ့် နွေအပြောင်းအရွှေ့မှာ အသင်းကနေ ထွက်ခွာဖို့ သေချာနေကြသလို လင်ဒီလော့ဖ်နဲ့ မက်ဂွိုင်းယားတို့ရဲ့ ခြေစွမ်းတွေကလည်း တနေ့ရွှေ ၊ တနေ့ငွေ ဖြစ်နေတာကြောင့် အရည်အသွေးမြင့် ခံစစ်မှူး တဦးကို ခေါ်ယူဖို့ ချိန်ရွယ်နေတဲ့ အသင်းပါ။

အသက် ၂၅နှစ် အရွယ် စပိန်လက်ရွေးစင် ဗဟိုနောက်ခံလူ ပါအူလ် တောရက်စ်ဟာ စပိန်လာလီဂါရဲ့ အကောင်းဆုံး ခံစစ်မှူး ၅ဦး စာရင်းဝင်သူ တဦး ဖြစ်သလို ဗီလာရီးရဲလ်ရဲ့ မရှိမဖြစ် ကစားသမား တဦးလည်း ဖြစ်ပေမယ့် သူ့ရဲ့ ကစားသမားဘဝကို နောက်တဆင့် မြှင့်ဖို့ အတွက် လာမယ့် နွေအပြောင်းအရွှေ့မှာ ထိပ်သီးအသင်း တသင်းဆီ ပြောင်းရွှေ့ဖို့ စိတ်ကူးရှိနေသူပါ။

နာမည်ကြီး စပိန်အခြေစိုက် သတင်းဌာန တခု ဖြစ်တဲ့ မယ်ဒီတာရန်နို သတင်းဌာနရဲ့ ဖော်ပြချက်အရ ပါအူလ် တောရက်စ်ရဲ့ အေးဂျင့်ဖြစ်တဲ့ InterStarDeporte အေဂျင်စီရဲ့ တာဝန်ရှိသူတွေက မန်ချက်စတာမြို့ဆီ လာရောက်ကာ ပါအူလ် တောရက်စ်ရဲ့ အပြောင်းအရွှေ့ အတွက် မန်ချက်စတာ ယူနိုက်တက်ရဲ့ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဖို့ စီစဉ်ထားကြောင်း သိရပါတယ်။

ဗီလာရီးရဲလ်ကတော့ သူတို့ရဲ့ အဓိက ခံစစ်မှူး ပါအူလ် တောရက်စ်ရဲ့ တန်ကြေးကို ယူရို ၆၀သန်း သတ်မှတ်ထားပြီး မန်ချက်စတာ ယူနိုက်တက်က ပါအူလ် တောရက်စ် အတွက် ပြောင်းရွှေ့ကြေး ယူရို ၅၅သန်း ဝန်းကျင် သုံးစွဲဖို့ လျာထားတာကြောင့် နှစ်သင်းကြားမှာ ပြောင်းရွှေ့ကြေး ညှိနှိုင်းမှုတွေဟာ အဆင်ပြေဖွယ် ရှိနေပြီး မန်ချက်စတာ ယူနိုက်တက်က ပါအူလ် တောရက်စ်နဲ့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရယူနိုင်ရန်သာ လိုအပ်ကြောင်း စပိန်အပြောင်းအရွှေ့ ကျွမ်းကျင်သူတွေက သုံးသပ်ထားကြပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *