crd
unicode
ယူနိုက်တက်ကိုအပြည့်ဝကာကွယ်ပေးနေတဲ့အသင်းဖော်ကတ်စ်မဲရိုးကို ချစ်စနိုးအမည်ပြောင်ပေးလိုက်တဲ့ အန်တိုနီ
အန်တိုနီက မန်ချက်စတာယူနိုက်တက်အသင်းဖော် ကတ်စမဲရိုးဟာ သူတို့အသင်းရဲ့ ခံစစ်ကြောင်းကို Guard Dog တစ်ကောင်လို တာဝန်ယူစောင့်ရှောက်နိုင်သူဖြစ်ကြောင်း ချီးကျူးစကားပြောကြားလိုက်ပါတယ်။ ကတ်စမဲရိုးဟာ မန်ချက်စတာယူနိုက်တက်အသင်းအတွက် ပရီးမီးယားလိဂ် နောက်ဆုံး (၄) ပွဲဆက် ပွဲထွက်ခွင့်ရရှိခဲ့သူဖြစ်ပါတယ်။ ဘရားဇီးလ်လက်ရွေးစင်ကစားသမားဟာ ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့ကာလမှာ မန်ချက်စတာယူနိုက်တက်အသင်းဆီ ရီးရဲလ်မက်ဒရစ်အသင်းကနေ ပြောင်းရွှေ့ကြေး ပေါင် ၆၃.၆ သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပါတယ်။
သူဟာ ဒီရာသီမှာ မန်ယူနိုက်တက်အသင်းအတွက် ပြိုင်ပွဲစုံ (၁၁) ပွဲကစားပေးထားပြီး ဂိုးဖန်တီးပေးမှု (၁) ကြိမ် ပြုလုပ်ကာ သွင်းဂိုး (၁) ဂိုးသွင်းယူပေးထားနိုင်တာဖြစ်ပါတယ်။ သူဟာ မန်စီးတီးအသင်းကို ၆-၃ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ လူစားဝင်ကစားခဲ့ရပြီး ယူနိုက်တက် ကစားသမားဘဝ ပထမဆုံးအကြိမ်အဖြစ် အင်္ဂလန်ဘောလုံးလောကကို စတင်ထိတွေ့ခွင့်ရခဲ့တာဖြစ်ပါတယ်။
ချန်ပီယံလိဂ်ဖလားတွေကို စံချိန်တင်ရယူထားနိုင်တဲ့ သူ့အနေနဲ့ ယူနိုက်တက်အသင်းမှာ တဖြည်းဖြည်းအသားကျလာပြီး စွမ်းဆောင်ရည်ကောင်းတွေကို ဆက်တိုက်ပြသနေကာ သရဲနီတို့ နှစ်ပေါင်းများစွာလိုအပ်နေတဲ့ အရည်အသွေးမြင့် ကွင်းလယ်ခံစစ်ကစားပုံကို ယူဆောင်လာပေးနိုင်ခဲ့တာဖြစ်ပါတယ်။ သူဟာ စပါးအသင်းကို ၂-၀ ရလဒ်နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာလည်း အကောင်းဆုံးပုံစံကိုပြသနိုင်ခဲ့သလို ချဲလ်ဆီးအသင်းကို သရေကျခဲ့တဲ့ ပွဲမှာလည်း အဖိုးတန် ချေပဂိုးကို ပွဲပြီးခါနီးမှာ ခေါင်းတိုက်သွင်းယူပေးခဲ့တာဖြစ်ပါတယ်။
အန်တိုနီက ကတ်စမဲရိုးအပေါ် ယူနိုက်တက်အသင်းရဲ့ တရားဝင် ဝက်ဆိုက်ဘ်မှာ – “ ကတ်စမဲရိုးက အတည်လုပ်တဲ့ ပုံစံမျိုးပါ ။ သူက ကျနော်တို့အသင်းရဲ့ ကွင်းလယ်မှာ Guard Dog တစ်ကောင်လိုပါ ။ သူဟာ အဓိပ္ပာယ်မရှိတဲ့ လုပ်ရပ်မျိုးကို မလုပ်တတ်သူဖြစ်ပြီး အတည်လုပ်တဲ့ သူမျိုးပါ။ ( ချဲလ်ဆီးနဲ့ ပွဲက) အောင်ပွဲခံခဲ့တဲ့ ပုံစံကလည်း ကျနော်တို့ တိုက်စစ်ကစားသမားတွေကို မက်ဆေ့ပေးလိုက်သလိုပါ” လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။