crd
unicode
မာရှယ်လ်မပါဝင်နိုင်တဲ့ပရီးမီးယားလိဂ်အဖွင့်ပွဲစဥ်အတွက် တန်ဟဂ်အသုံးပြုလာနိုင်ဖွယ်ရှိနေတဲ့ တိုက်စစ်အခင်းအကျင်း ၃ ရပ်
မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ရာသီကြို ပွဲစဉ်တွေမှာ ခရစ္စတီယာနို ရော်နယ်လ်ဒို သေသေချာချာ မပါဝင်နိုင်ဘဲ တည်ဆောက်ခဲ့ရချိန်မှာ အထောင်တိုက်စစ်ကို ကစားခွင့်ရခဲ့တဲ့ တိုက်စစ်မှူး အန်ထော်နီ မာစီယယ်လ်တစ်ယောက် အက်သလက်တီကိုနဲ့ပွဲက တံကောက်ကြောဒဏ်ရာကြောင့် ဘရိုက်တန်နဲ့ပွဲမှာ ကစားဖို့ မဖြစ်နိုင်သလောက် ရှိနေချိန်မှာ နည်းပြ အဲရစ် တန်ဟတ်အတွက်တော့ ခေါင်းခဲစရာဖြစ်နေခဲ့ပါတယ်။ ရော်နယ်လ်ဒိုအနေနဲ့ ပွဲကြံ့ခိုင်မှုနဲ့ အသားကျမှုမှာလည်း စိတ်ကျေနပ်လောက်ဖွယ် မရှိသေးချိန်မှာ ယူနိုက်တက်တို့အနေနဲ့ ဘရိုက်တန်ဘက်ကို ဘယ်လိုမျိုး တိုက်စစ်ဆင်လာမလဲဆိုတာက တွေးစရာဖြစ်နေတဲ့နောက် ရွေးချယ်စရာ သုံးခုကို ဖော်ပြလိုက်ပါတယ်။
၁။ ရော်နယ်လ်ဒိုကို ပြန်သုံးမယ် …… အဝတ်လဲခန်းနဲ့ အရန်ခုံတန်းမှာဆိုရင် ကလေးကြီး စိတ်ကောက်သလိုလုပ်ပြီး အသင်းက ထွက်ဖို့ပဲ အကြောင်းအမျိုးမျိုး ရှာနေတဲ့ ပေါ်တူဂီ တိုက်စစ်မှူးကို အလုပ်ပိပြီး စကားမပြောနိုင်အောင် လုပ်လိုက်ဖို့ပါ။ ဘရိုက်တန်နဲ့ပွဲမှာ ပွဲထွက်ရမယ်ဆိုတာကို အသိပေးလိုက်ပြီး ကွင်းပြင်က မကျေနပ်စရာ ကိစ္စတွေကို ကွင်းထဲမှာ ပေါက်ကွဲခိုင်းလိုက်ဖို့ဖြစ်ပါတယ်။ ယူနိုက်တက်တို့ရဲ့ တိုက်စစ်ပိုင်းမှာ သူ့လောက် ဂိုးသွင်းကောင်းတဲ့ ကစားသမား တစ်ယောက်မှ မရှိသလို ဘရိုက်တန်တို့ကို အန္တရာယ်ပေးဖို့ဆိုရင် အသင်းလိုက် ကစားပုံကို အနည်းနဲ့ အများတော့ အပျက်စီးခံလည်း ကိစ္စသိပ်မရှိတာကြောင့် တန်ဟတ်အနေနဲ့ နည်းစနစ်ပိုင်းအရ ခေါင်းမာမယ့်အစား အလုပ်ဖြစ်အောင်ပဲ လုပ်သင့်နေတာပါ။
၂။ ဖာနန်ဒက်စ်ကို ဦးဆောင်ခိုင်းမယ် …… ရော်နယ်လ်ဒိုကို ပွဲထွက်ခိုင်းရတာ အဆင်မပြေဘူးဆိုရင် တန်ဟတ်အတွက် နောက်ထပ် ရွေးချယ်စရာက ဘရူနို ဖာနန်ဒက်စ်ကို False 9 ကစားခိုင်းဖို့ဖြစ်ပါတယ်။ တိုက်စစ်မှာ သူ့ကို ဆန်ချို၊ ရက်ရှ်ဖို့ဒ်တို့နဲ့ ရံပြီး တိုက်စစ်မှူး မူသေမရှိဘဲ ကစားခိုင်းရင် ပြဿနာက အထိုက်အလျောက် ပြေလည်ဖို့ရှိပြီး ကွင်းလယ်မှာတော့ အဲရစ်ဆန်၊ ဗန်ဒဘိခ်နဲ့ မက်တော်မီနေးတို့က နည်းပြအတွက် ရွေးချယ်စရာဖြစ်နေတာပါ။ ဖာနန်ဒက်စ်ရဲ့ ကစားကွက်ကို ဦးဆောင်နိုင်စွမ်းက အသင်းရဲ့ တိုက်စစ်ကို ချောမွေ့စေနိုင်ပြီး ရက်ရှ်ဖို့ဒ်ကို ဘယ်တောင်ပံမှာချည်းပဲ နေဖို့ထက် အတွင်းကို ပိုဝင်ကစားခိုင်းပြီး ဘယ်နောက်ခံလူကို တိုက်စစ်ကို ပိုမိုလိုက်ပါခိုင်းမယ်ဆိုရင် ဒီတစ်ပွဲစာတော့ ကောင်းကောင်းအလုပ်ဖြစ်လာနိုင်ပါတယ်။ တန်ဟတ်အတွက်တော့ ဒီရွေးချယ်စရာက ပထမဟာထက် ပိုကောင်းနိုင်ပါတယ်။
၃။ ရက်ရှ်ဖို့ဒ်ကိုပဲ အားကိုးတော့မယ် ….. ၄-၄-၂ ကစားကွက်မှာ ဘယ်ခြမ်းတိုက်စစ်မှူးအဖြစ် ကစားနိုင်ဆဲဖြစ်တဲ့ ရက်ရှ်ဖို့ဒ်ကို ဒီနေ့ပွဲမှာတော့ နံပါတ် ၉ နေရာမှာ သုံးစွဲဖို့ ဖြစ်လာနိုင်ပြီး တန်ဟတ်အနေနဲ့ လူငယ်ကစားသမားတွေထဲက တစ်ယောက်ယောက်ကို ရွေးချယ်ပြီး ဆန်ချိုနဲ့ တောင်ပံတွေမှာ အထိုင်ချလာနိုင်ပါတယ်။ အဲရစ်တန်ဟန့်အနေနဲ့ တိုက်စစ်အခင်းအကျင်းကို အပြောင်းအလဲ ပြုလုပ်ပြီး၊ အထောင်တိုက်စစ်မှုး နေရာမှာ မားကပ်ရက်ရှ်ဖို့ဒ်ကို ထည့်သွင်းအသုံးပြုလာဖို့ ရှိနေပါတယ်။ ဘယ်တောင်ပံမှာတော့ နောက်ဆုံးခြေစမ်းပွဲမှာ အံ့အားသင့်ဖွယ် ခြေစွမ်းကို ပြသနိုင်ခဲ့တဲ့ ကြယ်ပွင့်တိုက်စစ်မှုး ဂါနာချိုကို အသုံးပြုလာနိုင်ပါတယ်။ ညာတောင်ပံမှာတော့ တိုက်စစ်မှုး ဂျေဒန်ဆန်ချိုကိုပဲ ထည့်သွင်းလာမှာ ဖြစ်ပြီး၊ ဘရိုက်တန်နဲ့ပွဲမှာ တမူထူးခြားတဲ့ တိုက်စစ်အတွဲကို မြင်တွေ့ရမှာပါ။ DailyMailရဲ့ သတင်းထောက်ဖြစ်သူ ChrisWheelerကတော့ အဲရစ်တန်ဟန့်အနေနဲ့ ဘရိုက်တန်နဲ့ပွဲမှာ False 9 ကို အသုံးပြုလာဖွယ် ရှိနေတယ်လို့လည်း ဆိုထားပါတယ်။ ဒီရွေးချယ်စရာ သုံးခုထဲက နည်းပြ တန်ဟတ်အနေနဲ့ ဘယ်လို ရွေးချယ်လုပ်ဆောင်သွားမယ်ဆိုတာတော့ လာမယ့် တနင်္ဂနွေနေ့မှာ စောင့်ကြည့်ရဖို့ ရှိနေပြီး မာစီယယ်လ်ကတော့ ဒီရက်ပိုင်းအတွင်း ဒဏ်ရာပြန်သက်သာတောင် အရန်ခုံလောက်ပဲဖြစ်နိုင်မယ့် အနေအထားမှာတော့ အပြောင်းအလဲတွေကို မြင်တွေ့ရမှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။
Add a Comment
Your email address will not be published. Required fields are marked *