crd
unicode
မန်ယူအသင်းကနေထွက်ခွာသွားပြီဖြစ်တဲ့ ရော်နယ်ဒိုအပေါ် ကျေးဇူးတင်စကားပြောကြားလိုက်တဲ့ သရဲနီတိုက်စစ်မှူး မားကပ်ရက်ရှ်ဖို့ဒ်
မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူး မားကပ် ရက်ရှ်ဖို့ဒ်က ခရစ္စတီယာနို ရော်နယ်ဒိုနဲ့ အတူ တွဲကစားခဲ့ရတာဟာ မယုံနိုင်စရာကောင်းလောက်တဲ့ အတွေ့အကြုံဖြစ်ပြီးတော့၊ ရှေ့လျှောက်မှာ အကောင်းဆုံးဖြစ်စေဖို့ ဆုတောင်းပေးကြောင်း ပြောဆိုသွားခဲ့ပါတယ်။ ရော်နယ်ဒိုအနေနဲ့ ဘောလုံးလောကတစ်ခုလုံးကို အံ့အားသင့်သွားစေခဲ့တဲ့ အင်တာဗျုးလုပ်ခဲ့ပြီးနောက်၊ ယူနိုက်တက်အသင်းဟာ ယခုတစ်ပတ်အစောပိုင်းတုန်းက ပေါ်တူဂီတိုက်စစ်မှူးနဲ့ လမ်းခွဲလိုက်ပြီဖြစ်ကြောင်း တရားဝင်ထုတ်ပြန်ပြီးတော့ ကြေညာခဲ့ပါတယ်။
ရော်နယ်ဒိုရဲ့ မန်ယူအသင်းနဲ့ ဇာတ်သိမ်းဟာ မလှခဲ့ပေမယ့်၊ ရက်ရှ်ဖို့ဒ်ကတော့ ရော်နယ်ဒိုရဲ့ ဒုတိယအကြိမ်အိမ်ပြန်ခရီးအပေါ် အကောင်းမြင်နေပါတယ်။ ရော်နယ်ဒိုဟာ ၂၀၂၁ ခုနှစ်နွေရာသီမှာ မန်ယူအသင်းကို အံ့အားသင့်ဖွယ်ပြန်ရောက်လာခဲ့ပြီး၊ ပရီးမီးယားလိဂ် ၃၈ ပွဲမှာ ၂၄ ဂိုးအထိ သွင်းယူကာ အထင်ကြီးစရာအရမ်းကောင်းတဲ့ ပုံစံကို ပြသခဲ့ပါတယ်။ ဒါပေမယ့်လည်း နည်းပြ အဲရစ် တန်ဟန့်ရဲ့ လက်အောက်မှာတော့ ရော်နယ်ဒိုဟာ ပရီးမီးယားလိဂ် ၁၄ ပွဲမှာ ၄ ပွဲသာ ပွဲထွက်စာရင်းကပါဝင်ခွင့်ရခဲ့ပါတယ်။
အခုချိန်မှာတော့ ရက်ရှ်ဖို့ဒ်က သူ့ကို ကွင်းအတွင်းမှာကော၊ ကွင်းပြင်ပမှာပါ ကူညီပေးခဲ့တဲ့ ရော်နယ်ဒိုကို ကျေးဇူးတင်လိုက်ပါတယ်။ “ သူနဲ့ အတူ ကစားခဲ့ရတာက မယုံနိုင်စရာကောင်းလောက်တဲ့ အတွေ့အကြုံဖြစ်ပါတယ်။ သူဟာ ကျွန်တော့်ရဲ့ အိုက်ဒေါတွေထဲကတစ်ဦးဖြစ်ပြီး၊ ကျွန်တော်ဟာ အမြဲတမ်းအတုယူနေရမယ့် ”“ ကစားသမားတစ်ဦးဖြစ်ပါတယ်။
ဒီအမှတ်တရတွေကို ကျွန်တော်နဲ့အတူ ထာဝရသိမ်းထားနိုင်ပါတယ်။ သူ့အတွက် အကောင်းဆုံးဖြစ်စေဖို့ ဆုတောင်းပေးပြီးတော့၊ မန်ယူအသင်းအတွက် သူ လုပ်ပေးခဲ့တာတွေအတွက် ကျေးဇူးတင်လိုက်ပါတယ် ” လို့ ဆိုခဲ့ပါတယ်။ ရော်နယ်ဒိုဟာ လက်ရှိအချိန်မှာတော့ ဆော်ဒီအာရေဗျကလပ် အဲနာဆာက တစ်ပတ်လုပ်ခ ပေါင် ၁ သန်းနဲ့ ကမ်းလှမ်းခြင်း ခံထားရပါတယ်။