



crd

unicode

ဒီဂျောင်ရဲ့Plan B အဖြစ်ဝုဗ်ကွင်းလယ်လူရူဘင်နီဗက်စ်ကိုအကွက်ရွှေ့လာတဲ့ မန်ချက်စတာ ယူနိုက်တက်

ယခုနွေရာသီအပြောင်းအရွှေ့ကာလအတွင်း ယူနိုက်တက်အသင်းရဲ့ ထိပ်တန်းပစ်မှတ်ဟာ ဘာစီလိုနာအသင်းရဲ့ ကွင်းလယ်ကြယ်ပွင့် ဖရန်ကီ ဒီဂျောင်ဖြစ်ခဲ့ပြီး နှစ်သင်းကြားဆွေးနွေးမှုများ နှစ်လကျော်ကြာအောင် ပြုလုပ်ခဲ့ပြီးနောက် ပြောင်းရွှေ့ကြေး သဘောတူညီမှုရရှိခဲ့ပါတယ်။ဒါပေမယ့် ယူနိုက်တက်ဟာ ကစားသမားအား အိုးထရက်ဖိုဒ့်သို့ ပြောင်းရွှေ့လာအောင် ဆွဲဆောင်နိုင်စွမ်းမရှိတာကြောင့် ယူနိုက်တက်နှင့် ဒီဂျောင်ရဲ့အပြောင်းအရွှေ့ဟာ ယခုချိန်ထိ ဖြစ်မြောက်မလာသေးပေ။ ပရီးမီးယားလိဂ်ပြိုင်ပွဲကြီးဟာလည်း စတင်ဖို့ရက်ပိုင်းလောက်သာ လိုတော့တာကြောင့် ယူနိုက်တက်ဟာ ဒီဂျောင်အစား အခြားကွင်းလယ်လူတစ်ဦးကိုသာ ပြောင်းလဲခေါ်ယူဖို့ ကြိုးပမ်းစပြုနေပြီဖြစ်သည်။

Sky Sports ရဲ့ အဆိုအရ ” ယူနိုက်တက်ဟာ ဒီဂျောင်ရဲ့အပြောင်းအရွှေ့အပေါ် စိတ်ပျက်‌နေပြီး ၎င်းနေရာအား အစားထိုးဖို့ အရန်ကစားသမားဖြစ်တဲ့ ဝုဗ်ကွင်းလယ်လူ ရူဘင်နီဗက်စ်ကို ခေါ်ယူဖို့ စဉ်းစားနေကြောင်း ” သိရပါတယ်။ရူဘင်နီဗက်စ်ဟာ ဝုဗ်ဗာဟမ်တန်အသင်းသို့ ၂၀၁၇ ခုနှစ်ကတည်းက ရောက်ရှိနေခဲ့ပြီး ၎င်းရောက်ရှိခဲ့သည့် နှစ်မှာဘဲ ဝုဗ်ဗာဟမ်တန်အသင်းဟာ ပရီးမီးယားလိဂ်သို့ တန်းတတ်နိုင်ခဲ့ပါတယ်။ သူဟာ ဝုဗ်အသင်းရဲ့ ကွင်းလယ်မှာ အဓိကကစားသမားတစ်ဦးအဖြစ် ရာသီအတော်ကြာ ကစားထားခဲ့ပြီး ထိပ်တန်းကွင်းလယ်လူတစ်ဦးအဖြစ် သတ်မှတ်ခြင်း ခံခဲ့ရပါတယ်။

ယူနိုက်တက်ဟာ အသက် ၂၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရူဘင်နီဗက်စ်ကို လွန်ခဲ့သည့်နှစ်အနည်းငယ်ကတည်းက ခေါ်ယူရန် စိတ်ဝင်စားမှုရှိခဲ့ပြီး ဒီနွေမှာ တစ်ဖန်ပြန်လည် စိတ်ဝင်စားလာတာ ဖြစ်ပါတယ်။ ဝုဗ်အသင်းဟာ ၎င်းတို့ကွင်းလယ်လူကို ရောင်းချလိုခြင်းမရှိသလိုအကယ်၍ရောင်းချရမည်ဆိုပါက ၎င်း၏ တန်ကြေးဟာလည်း မြင့်မားမည်ဖြစ်ကြောင်းအသိပေးပြောကြားထားပြီး ဖြစ်သည်။The Sun ရဲ့အစီရင်ခံစာအရ ဝုဗ်တို့သည် ၎င်းတို့ကစားသမားအတွက် တန်ကြေး ပေါင် ၇၅ သန်းထိ သတ်မှတ်ထားကြောင်း သိရပါတယ်။ အခြားသတင်းဌာနတစ်ခုဖြစ်တဲ့ The Athletic ကတော့ ‘ယူနိုက်တက်သာ ယင်းကစားသမားအား အမှန်တကယ်ခေါ်ယူလိုပါက ပေါင်သန်း ၆၀ ဝန်းကျင်ဖြင့် ခေါ်ယူနိုင်လိမ့်မည်ဖြစ်ကြောင်း’ အခိုင်အမာ ဖော်ပြထားပါသည်။

ရူဘင်နီဗက်စ်သည် ပရီးမီးယားလိဂ်အတွေ့အကြုံရင့်ကျက်သည့် ကစားသမားဖြစ်ပြီး ကွင်းလယ်မှာအကောင်းဆုံးပုံစံရရှိနေသည့် ကစားသမားမျိုးဖြစ်တာကြောင့် ဖရန်ကီ ဒီဂျောင်ထက် ယူနိုက်တက်အသင်းမှာ ပိုမိုအံဝင်နိုင်မည်ဖြစ်သည်။ သို့သော်လည်း ယူနိုက်တက်နည်းပြသစ် တန်ဟဂ်သည် သူ၏တပည့်ဟောင်းဖြစ်သူ ဖရန်ကီ ဒီဂျောင်ကို ပရီးမီးယားလိဂ်အဖွင့်ပွဲကစားရမည့်ရက်နေ့ထိ မခေါ်ယူနိုင်သေးရင်တောင် ဆက်လက်စောင့်ဆိုင်းမည်ဖြစ်ကြောင်း အသင်းအား ပြောကြားထားကြောင်း သတင်းတွေက ဖော်ပြထားပါတယ်။ တန်ဟဂ်အတွက်တော့ ဖရန်ကီ ဒီဂျောင်ဟာ Plan A,B,C အဖြစ် ရှိနေဆဲဖြစ်ပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *