crd
unicode
ဒါဘီရှုံးပွဲမှယူနိုက်တက်အတွက်အပေါင်းလက္ခဏာဆောင်ခဲ့တဲ့ သရဲနီတိုက်စစ်အတွဲအဖက်
မန်ချက်စတာယူနိုက်တက် အသင်းရဲ့ မန်ချက်စတာစီးတီးကို ရှုံးနိမ့်မှုမှာ အပေါင်းလက္ခဏာဆောင်တဲ့ အချက်အချို့တော့ ရှိပါသေးတယ်။ အဓိကကတော့ ယူနိုက်တက်က နှစ်သိမ့်ဂိုး ( ၃ ) ဂိုး ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ ပထမဂိုးကို အန်တိုနီက အဝေးကနေ လှလှပပ ကန်သွင်းယူခဲ့ပြီး သူ့ရဲ့ ခြေထောက်ထဲမှာ မှော်အစွမ်းတွေ ပိုင်ဆိုင်ထားတယ်ဆိုတာ ပြသခဲ့ပါတယ်။ ပြီးပြည့်စုံတဲ့ ကစားသမားတစ်ဦးဖြစ်ဖို့ လိုအပ်ချက်တွေ ရှိသေးပေမယ့် အဲရစ် တင်ဟာ့ခ်က သူ့ကို ကူညီပေးပါလိမ့်မယ်။ သူ့မှာ လုပ်နိုင်ကိုင်နိုင်စွမ်း ရှိပြီးသားဆိုတာ ထင်ထင်ရှားရှား မြင်တွေ့ရပါတယ်။
အန်တိုနီက ပရီးမီးယားလိဂ် ( ၂ ) ပွဲကစားပြီး ( ၂ ) ဂိုးသွင်းယူထားပါတယ်။ ဒါကလည်း အာဆင်နယ် ၊ မန်စီးတီးတို့လို ထိပ်တန်းအသင်းတွေနဲ့ ပွဲစဥ်တွေမှာ သွင်းယူခဲ့တာကြောင့် ပိုပြီး ကျေနပ်ဖို့ ကောင်းပါတယ်။ ကျွန်တော်တို့အနေနဲ့ သူ့ထံကနေ ပွဲတိုင်း ဂိုးသွင်းဖို့ မျှော်လင့်ထားလို့ မရပေမယ့် ဒါက အားရစရာကောင်းတဲ့ စတင်မှုဖြစ်ပါတယ်။ ယူနိုက်တက်ရဲ့ နောက်ထပ်သွင်းဂိုးတွေကိုတော့ အန်သိုနီ မာရှယ်က ခေါင်းတိုက်သွင်းယူမှု နှင့် ပင်နယ်တီတွေကနေ ရယူပေးခဲ့ပါတယ်။
မာရှယ်က သူကိုယ်တိုင် ပင်နယ်တီကို ရယူခဲ့တာဖြစ်ပြီး သူကိုယ်တိုင် ကန်လိုကြောင်း ရှင်းရှင်းလင်းလင်း ဖော်ပြခဲ့ပါတယ်။ နောက်ပြီး သူ အကျွမ်းကျင်ဆုံးအပိုင်း မဟုတ်တဲ့ ခေါင်းတိုက်ပြီး ဂိုးသွင်းယူနိုင်ခဲ့တာကလည်း သူ့ကို ယုံကြည်မှုတွေ ပိုရစေပါလိမ့်မယ်။ အဲရစ် တင်ဟာ့ခ်အနေနဲ့ အန်တိုနီ နှင့် အန်သိုနီ မာရှယ် တို့ကို ကွင်းထဲမှာ မကြာခဏ အတူတကွ မြင်တွေ့လိုပါလိမ့်မယ်။ လက်ရှိမှာတော့ ဒဏ်ရာပြဿနာတွေကြောင့် အဲ့လို လုပ်ဖို့ အခက်တွေ့နေခဲ့ရပါတယ်။
လက်ရှိမှာတော့ သူတို့ ( ၂ ) ဦးစလုံး ကြံ့ခိုင်မှု ပြည့်ဝနေပြီဖြစ်တာကြောင့် တစ်ဦးကို တစ်ဦး ကူညီပြီး စွမ်းဆောင်ပြဖို့ အသင့်ဖြစ်နေကြပါပြီ။ မာရှယ်သာ ပုံစံကောင်းရနေမယ်ဆိုရင် တကယ်အသုံးဝင်တဲ့သူပါ ။ hold up play တွေမှာ ကောင်းမွန်ပြီး အသင်းဖော်တွေကို ဆွဲခေါ်နိုင်သူဖြစ်ပါတယ်။ အန်တိုနီအနေနဲ့ ဒါကို အကျိုးရှိရှိ အသုံးချနိုင်ပါလိမ့်မယ်။ သူတို့ ( ၂ ) ဦးဟာ လာမယ့် ရက်သတ္တပတ်တွေအတွင်း ပုံမှန်ပွဲထွက်ခွင့်ရမယ်လို့ မျှော်လင့်ရပါတယ်။ ဘယ်တောင်ပံနေရာကိုတော့ ဂျေဒန် ဆန်ချို နှင့် မားကတ် ရက်ဖို့ဒ်တို့ အပြိုင်လုရပါလိမ့်မယ် ။