crd
unicode
တပည့်ကျော်ရဲ့အရည်အချင်းကိုယုံကြည်ပြီးသားမို့ ဗန်ဒိဘိခ်အတွက်ကတိတစ်ခုပေးလိုက်တဲ့ တန်ဟဂ်
အဲရစ်တန်းဟက်ဂ်က ဒွန်နီဗန်ဒီဘိခ်ကို သူ့အနေနဲ့ လက်မလျော့သေးကြောင်းနဲ့ မန်ချက်စတာယူနိုက်တက် အသင်းမှာ အောင်မြင်အောင် အကူအညီပေးသွားဦးမှာဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။ တန်းဟက်ရဲ့ အေဂျက်ဇ်အသင်းမှာ ခြေစွမ်းပြနိုင်ခဲ့တဲ့ ဗန်ဒီဘိခ်ဟာ ၂၀၂၀ ခုနှစ်မှာ မန်ယူနိုက်တက်အသင်းက ပေါင် ၃၅ သန်းနဲ့ ခေါ်ယူသွားခဲ့တာပါ။ ဒါပေမယ့် သူဟာ လက်ရှိအချိန်အထိ အသင်းမှာ ခြေစွမ်းပြ ကစားပေးနိုင်ဖို့ ရုန်းကန်နေရဆဲဖြစ်ပါတယ်။
ယူနိုက်တက်အသင်းအတွက် (၂) ရာသီမှာ သူဟာ ပရီးမီးယားလိဂ် (၂၇) ပွဲ ကစားထားပြီး ဒီရာသီမှာတော့ ပရီးမီးယားလိဂ် (၁၉) မိနစ်သာ ကစားရသေးတာပါ။ သူဟာ ၂၀၂၂ ခုနှစ် အစောပိုင်းကာလတွေကလည်း အဲဗာတန်အသင်းဆီ အငှားချခြင်းခံခဲ့ရပေမယ့် ခြေစွမ်းမပြနိုင်ခဲ့ ပြန်ပါဘူး။ ဒီလို ရုန်းကန်နေရတာကြောင့် ဗန်ဒီဘိခ်ဟာ ကာတာသွားမယ့် နယ်သာလန်လက်ရွေးစင်လူစာရင်းမှာ ပါဝင်နိုင်ချေမရှိတော့တာပါ။ ဒါပေမယ့် တန်းဟက်ကတော့ (၂၅) နှစ်အရွယ် ကစားသမားအနေနဲ့ သူ့ရဲ့ အနာဂတ်ကို ပြောင်းလဲပစ်လိမ့်နိုင်မယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။
“ ဒွန်နီက ကောင်းမွန်တဲ့ ရာသီကြိုပြင်ဆင်မှုကို ပိုင်ဆိုင်ထားခဲ့ပါတယ် ။ သူ ဒဏ်ရာရခဲ့ပေမယ့် အခု ပြန်ကစားပေးနေနိုင်ပါပြီ ပြီးခဲ့တဲ့အပတ်က ရှီးရစ်ဖ်နဲ့ ယူရိုပါလိဂ်ပွဲမှာ သူကောင်းကောင်း ကစားပြနိုင်ခဲ့ပါတယ်။ သူ့ရဲ့ စွမ်းဆောင်ရည်ကိုလည်း ကျနော် ကျေနပ်ပါတယ်။ သူ့ကို ကျနော် ကောင်းကောင်းသိတော့ သူဒီထက်ပိုကောင်းလာမယ်ဆိုတာ ယုံကြည်နေပါတယ်။
ကျနော်လိုချင်တဲ့ နေရာယူမှု၊ Pressing ၊ တိုက်စစ်အကူအပြောင်း၊ သေသပ်တိကျမှုတွေအကုန် သူ လုပ်နိုင်ခဲ့ပါတယ်။ သူဟာ ပြိုင်ဘက်ရဲ့ ဂိုးပေါက်ကို ပိုမိုခြိမ်းခြောက်နိုင်မယ့် ကစားသမားပါ။ ဒါက သူ့ရဲ့ အကြီးမားဆုံးအရည်အချင်းပါပဲ ။ ကျနော်ရှိနေတဲ့ အချိန်မှာ သူ့ကို ပွဲကစားခွင့် ပိုပေးသွားမှာပါ” လို့ ပြောကြားခဲ့လိုက်တာဖြစ်ပါတယ်။