





crd

unicode

ဆိုက်ပရပ်စ်မြေကယူရိုပါလိဂ်နိုင်ပွဲမှ သရဲနီတို့ရဲ့စွမ်းဆောင်ရည်များ

ယူနိုက်တက်က သူများ အသင်း ( ပြိုင်ဘက် ) ကောင်းရင် လိုက်ကောင်းမလားဆိုတာ မသေချာပါဘူး ။ သူများ ညံ့ရင် လိုက်ညံ့တဲ့ အသင်းဆိုတာ ကတော့ သေချာနေပါပြီ ။ မနေ့ညပွဲမှာ ရက်ဖိုဒ့် နဲ့ မာစီရယ် တို့သာ ဆိုက်ပရပ်စ်ကို လိုက်မလာ ဖြစ်ခဲ့ရင် ဘယ်လောက်ထိ ဆိုးရွား ခဲ့မယ်ဆိုတာ တွေးတောင် မတွေးရဲစရာပါပဲ ။ အိုမိုနီးယား ဟာ UEFA Cup ဘ၀ တုန်းက အာဆင်နယ် ၊ မန်စီးတီး တို့နဲ့ တွေ့ဖူးပါတယ် ။ နှစ်သင်းစလုံး ကို နှစ်ကျော့စလုံး ရှုံးခဲ့တာပါ ။ အခုတော့ အင်္ဂလိပ်ကလပ် တသင်းနဲ့ ၅ ကြိမ်မြောက် အတွေ့မှာ အမှတ်ယူနိုင်ဖို့ လက်တလုံး အလိုထိ သူတို့ ရောက်ခဲ့ ပါတယ် ။ တပွဲလုံး ဖိကစား ပေမယ့် ဂိုးကံခေတာ ၊ ပေါ့ဆမှုကနေ ဂိုးစပေးရတာတွေက ယူနိုက်တက် ကို ဆိုက်ပရပ်စ် မြေပေါ်မှာ ခက်ခဲ စေခဲ့တာပါ ။ လူစားလဲ မှန်ကန်မှုတွေကိုတော့ အသိအမှတ်ပြုရ မှာပါပဲ ။

ရိုနယ်ဒို ကတော့ ဒီနေ့ ပွဲမှာ အတော်လေးကို သနားစရာ ကောင်းခဲ့ပါတယ် ။ ဂိုးရချင်လွန်းသူ ၊ ဂိုးကံခေလွန်းသူ အဖြစ် မြင်တွေ့ခဲ့ရပါတယ် ။ ဘာပဲ ဖြစ်ဖြစ် ဒီနိုင်ပွဲဟာ ယူနိုက်တက် ကို ၆ မှတ် ရသွားစေပြီး နောက်တဆင့် တက်ဖို့ အလားအလာ ကောင်းစေခဲ့ ပါတယ် ။ ပွဲစဉ် ၄ မှ အိုမိုနီးယား ကို ထပ် အနိုင် ကစားခဲ့ပြီး တဘက်မှာ ရှရစ် က ဆိုဆီဒက် ကို ထပ်ရှုံးမယ် ဆိုရင် ယူနိုက်တက် အတွက် ရှုံးထွက် လက်မှတ်က သေချာသလောက် ဖြစ်သွားမှာပါ ။ ခြေကတော့ အားရစရာ မရှိပါဘူး ။ ဒီပုံစံနဲ့ တနင်္ဂနွေနေ့ညမှာ အဲဗာတန် ကို ဘယ်လို ကစားမလဲ ဆိုတာ စိတ်ဝင်စားစရာပါပဲ ။ မနေ့ညက ဘယ်သူတွေ ဘယ်လောက် ကောင်း ၊ ဘယ်လောက် ညံ့ခဲ့ကြသလဲ ဆိုတာ ကြည့်လိုက် ကြရအောင်ဗျာ . . . . .

ဒါးဗစ် ဒဟဲယား – ၅ – ဘောလုံးပိုင်ဆိုင်မှု ၈၀% လောက်နဲ့ အသာရနေတဲ့ ပွဲတပွဲမှာ ဒဟဲယား အတွက် လုပ်စရာ များများစားစား မရှိခဲ့ ပါဘူး ။ ဒါပေမယ့် ၂ လုံးလာ ၂ လုံး ဂိုးဆိုတဲ့ အနေအထားကတော့ စပိန်သားကို အမှတ်တွေ လျော့ချင်စရာပါပဲ ။ ဒီယေဂို ဒါးလော့ – ၆ – ပထမပိုင်း ရော ဒုတိယပိုင်းမှာပါ ရှေ့နောက် အတက်အဆင်း လုပ်ပြီး ကစားခဲ့ပါတယ် ။ ဒါပေမယ့် အားရ ကျေနပ်လောက်စရာ ခြေစွမ်းမျိုးတော့ မတွေ့ခဲ့ရပါဘူး ။ ဗစ်တာလင်ဒီလော့ဖ် – ၆ – ဗာရန်း နေရာကို အစားဝင်ခဲ့ ပေမယ့် ဗာရန်း လောက် ကျေနပ်မှု မပေးနိုင်ခဲ့ ပါဘူး ။ မာတီနက် နဲ့ အတွဲ သိပ်မမိခဲ့တာကလွဲရင် မနေ့ညက ပွဲမှာ ဆွီဒင်သား ကို ပြောစရာ သိပ်မရှိခဲ့ပါဘူး ။လီဆန်ဒရို မာတီနက် – ၈ – ပထမပိုင်းမှာ ယူနိုက်တက် ရဲ့ အကောင်းဆုံး တိုက်စစ် ကစားသူ ၊ ဒုတိယပိုင်းမှာ မာစီရယ် ရဲ့ ဂိုးအတွက် အစပြု ပေးခဲ့သူ ဖြစ်ခဲ့ပါတယ် ။ မိနစ် ၉၀ ခြုံကြည့်မယ်ဆိုရင် မာတီနက် က ပုံစံ အကောင်းဆုံး ဖြစ်ခဲ့တဲ့သူပါ ။

မာလာစီယာ – ၃ – မနေ့က ယူနိုက်တက် ပြဿနာ အားလုံးရဲ့ အစပြုခဲ့သူပါ ။ ပေါ့ဆလွန်းတဲ့ လုပ်ရပ်ကနေ အိုမိုနီးယား ကို အဖွင့်ဂိုး ရစေခဲ့သလို ပထမပိုင်း တပိုင်းလုံးလည်း အားရစရာ မရှိခဲ့ပါဘူး ။ မိနစ် ၉၀ သာ ဆက်ထားရင် နယ်သာလန်သား ရဲ့ အညံ့ဆုံးပွဲတောင် ဖြစ်သွားနိုင် ပါတယ် ။ ကက်စမဲရိုး – ၆ – ဒီပွဲဟာ ဘာကြောင့် ရီးရဲမက်ဒရစ် ကနေ ပြောင်းလာတဲ့ ဝါရင့်ကြီးကို တန်ဟတ် ပွဲမထုတ်သေးတာလဲ ဆိုတာ ကောင်းကောင်း သိမြင်သွားစေပါတယ် ။ ရီးရဲ ပရိသတ်တွေ ကတော့ ဒီတယောက်က ငါတို့ ကက်စမဲရိုး မှ ဟုတ်ပါလေစလို့ ထင်ချင် ထင်မိမှာပါ ။ အဲရစ်ဆင် – ၆ – နှလုံးခွဲစိတ်ပြီး စက်တပ်ထားရတဲ့ သူ တယောက်ဆီက တန်ဟတ် ဘာတွေ မျှော်လင့် နေတာလဲ ? တရာသီလုံး ပွဲစေ့ ကစားဖို့လား ။ အဲရစ်ဆင် က လူပါ ၊ စက်ရုပ် မဟုတ်ပါဘူး ။ ဒီပွဲမှာ အဲရစ်ဆင် ခြေမပေါ်ခဲ့တဲ့ ကိစ္စမှာ တန်ဟတ် တာဝန်တွေ အများကြီး ရှိပါတယ် ။

အန်တိုနီ – ၅ – ၁-၀ နဲ့ ဦးဆောင် နိုင်မယ့် အခွင့်အရေး ကို အံ့သြစရာ ကောင်းတဲ့ ဆုံးဖြတ်ချက် နဲ့ ဖြုန်းတီး ပစ်ခဲ့တယ် ၊ လှပတဲ့ ကန်ချက် ကာကွယ်ခံရတယ် ဆိုတာကလွဲရင် မနေ့ညက ပွဲမှာ ဘရာဇီးသားရဲ့ ဆမ်ဘာတေးသွားတွေက တိပ်သားကြေနေတဲ့ တိပ်ခွေတခုလိုပါပဲ ။ ဘရူနို ဖာနန်ဒက်စ် – ၆ – ဒီတနှစ်တော့ ဖာနန်ဒက်စ် တယောက် ယူရိုပါလိဂ် မှာပါ မကောင်းပြ နိုင်တော့ပါဘူး ။ ကန်ချက် တကြိမ် ဂိုးဘားထိတာက လွဲရင် မနေ့ညက ပွဲမှာ လောက်လောက် လားလား မစွမ်းနိုင်ခဲ့ပါဘူး ။ ဒါကြောင့်လည်း မာစီရယ် နဲ့ လူစားလဲ ခံခဲ့ရတာပါ ။ ဂျေဒန်ဆန်ချို – ၃ – မနေ့ညက အသင်းရဲ့ အဆိုးရွားဆုံး ကစားသမားတွေထဲက တယောက် ဖြစ်ခဲ့ ပါတယ် ။ အင်္ဂလိပ် သုံးသပ်သူတွေ က ပြန်ပြီး ဝေဖန်ရတဲ့ အထိပါပဲ ။ သူ့ရဲ့ အဆင့် ၊ သူ့ရဲ့ အနေအထားနဲ့ ဆိုရင် ဒီပွဲမှာ ဆန်ချို က ထွန်းတောက် နေရမှာပါ ။ အခုပုံစံမျိုးနဲ့က တော့ အင်္ဂလန် လက်ရွေးစင် အိပ်မက်က ရွှေပြည်တော် မျှော်တိုင်းဝေး နေဦးမှာပါပဲ ။ ခရစ္စတီယာနို ရိုနယ်ဒို – ၆ – ရိုနယ်ဒို တယောက် ယတြာချေဖို့ လိုနေပါပြီ ။ တသင်းလုံး ဝိုင်းဖန်ပေးနေတာတောင်မှ ဂိုးမရခဲ့ပါဘူး ၊ ဂိုးသမား မရှိတဲ့ ဂိုးကို ကပ်ပြီး သွင်းတာတောင်မှ တိုင်ပြေးမှန်လိုက်ပါသေးတယ် ။ ကောလိုက်တဲ့ ကံ လို့တောင် ဆိုရမှာပါ ။ ဟာလန်း သာဆိုရင် ၃၆ ဂိုးလောက် ရနေပြီဆိုတဲ့ ယူနိုက်တက်ဖန်တွေရဲ့ မှတ်ချက်စကားတွေထဲမှာ ကရုဏာ ရသတွေ အပြည့်အ၀ ပါနေမှာ အသေအချာပါပဲ ။

လူစားဝင် ကစားသမားများ – ရက်ဖိုဒ့် – ၈ – ချေပဂိုး သွင်းတယ် ၊ တတိယဂိုးကို သွင်းတယ် ၊ မာစီရယ် ရဲ့ ဂိုးကို ဖန်တီးပေးတယ် ။ ဒီတပတ် ယူရိုပါလိဂ် ရဲ့ အကောင်းဆုံး ကစားသမား စကာတင်မှာ ပါတဲ့ အထိ ရက်ဖိုဒ့် ရဲ့ ၄၅ မိနစ်တာ ကစားချိန်ဟာ အကျိုးဖြစ်ထွန်း ခဲ့ပါတယ် ။ တန်ဟတ် အတွက်ရော အသင်းအတွက်ပါ အားတက်စေခဲ့တဲ့ ကိစ္စပါ ။ မာစီရယ် – ၈ – လူစားဝင်လာပြီး ၁ မိနစ် အကြာမှာပဲ အရေးပါတဲ့ ( ၂-၁ ) ဂိုးကို သွင်းပေးခဲ့ ပါတယ် ။ တိုက်စစ်မှူး လိုအပ်နေတဲ့ တန်ဟတ် အတွက်တော့ ခြေစမ်းပွဲ သူရဲကောင်းကြီး ပြန်ပါလာနိုင်တာ အားဆေးတခွက် ဖြစ်စေခဲ့မှာပါ ။ လုခ်ရှော – ၆ / ဖရက်ဒ် – ၆/ တော်မီနေး – ၆ / တို့ပဲ ဖြစ်ကြပါတယ် ။

Add a Comment

Your email address will not be published. Required fields are marked *