crd
unicode
ဂိုးတွေတဒိုင်းဒိုင်းသွင်းယူနိုင်ဖို့ ရက်ဖို့ဒ်အတွက် တန်ဟဂ်စီစဥ်ထားခဲ့တဲ့ မာစတာ plan တစ်ခု
လိဒ်အိမ်ကွင်းမှာ မန်ယူသွားကစားခဲ့တဲ့ပွဲက (၀-၂)ရလဒ်ကိုပဲ ကြည့်ခဲ့သူတွေဆိုရင် မန်ယူကောင်းလှချည်လားလို့ အထင်မှားနိုင်ပါတယ်။ မိနစ် (၇၀)ကျော်တဲ့အထိ ဒါးလော့တိုင်ပိတ်မှန်တဲ့တစ်လုံးကလွဲရင် မယ်မယ်ရရ ဘာမှကို မလုပ်ပြနိုင်ခဲ့ပါဘူး။ ဘယ်တောင်ပံ ထွက်ဆော့နေတဲ့ ရက်ရှ်ဖို့ဒ်ဟာ လုခ်ရှော၊ မာလာစီယာတို့ ခံစစ်ကို ကာကွယ်နေရတာနဲ့တင် လုပ်ကွက်ပျောက်နေလို့ သရေရလဒ်တစ်ခုကို စတင်ဦးတည်လာပါတယ်။ ဒါပေမဲ့ တန်ဟတ်က မာတီနက်ဇ်နဲ့ ဂါနာချိုကိုထည့်ပြီး ရုတ်တရက် ကစားကွက်ချိန်းလိုက်ပါတယ်။
ရက်ရှ်ဖို့ဒ်က ဗဟိုတိုက်စစ်မှူးပုံစံဖြစ်သွားပြီး၊ ဂါနာချိုက ဘယ်တောင်ပံ ကစားသမားဖြစ်လာပါတယ်။ (၁၀)မိနစ်အတွင်းမှာကို သိသိသာသာ ကစားကွက်က ပြောင်းလဲသွားချိန်မှာ ရက်ရှ်ဖို့ဒ်က နေရာယူမှန်မှန်နဲ့ ဗဟိုတိုက်စစ်မှူးတစ်ယောက်လို ခေါင်းတိုက်အဆုံးသတ်လိုက်ပါတယ်။ ဒီလိုခေါင်းတိုက်ဂိုးမျိုးဟာ တောင်ပံကစားသမားတစ်ယောက်အတွက် နေရာယူမှန်ဖို့ အတော်လေး ခက်ခဲပါတယ်။ တစ်ခုရှိတာက ရက်ရှ်ဖို့ဒ်အတွက်တော့ မခက်ခဲခဲ့ပါဘူး။ တန်ဟတ်ဟာ ဒီနှစ်ရာသီအစမှာ ရက်ရှ်ဖို့ဒ်ကို ဗဟိုတိုက်စစ်မှူးဖြစ်လာဖို့ အကွက်မြင်မြင်နဲ့ Plan ချခဲ့ပြီးသားပါ။
ပရီးမီးယားလိဂ်တိုက်စစ်မှူးဟောင်း ဘင်မက္ကာသီကို တိုက်စစ်နည်းပြအဖြစ် ထူးထူးခြားခြား ခေါ်ယူခန့်အပ်ခဲ့ကာ ရက်ရှ်ဖို့ဒ် ဂါနာချိုတို့ကို စပါရှယ် ထရိန်နင်ပေးခဲ့ပါတယ်။ လုပ်ပိုင်ခွင့်အပြည့်ပေးထားသလို လိုအပ်ရင် ဆဲဆိုကြိမ်းမောင်းတာအထိ ခွင့်ပြုခဲ့ပါတယ်။ မက္ကာသီကလည်း တိုက်စစ်ပိုင်းကိုပဲ တာဝန်ယူရတာဖြစ်လို့ ဂါနာချို၊ ပယ်လစ္စထရီ၊ ရက်ရှ်ဖို့ဒ်နဲ့ အသစ်ရောက်လာတဲ့ ဝက်ဟော့တို့ပါ မတူထူးခြားစွာ တောက်ပလာခဲ့ပါတယ်။ အဲဒီအထဲမှာ ရေခံမြေခံကောင်းပြီးသား ရက်ရှ်ဖို့ဒ်ကတော့ နံပါတ်နိုင်းအဖြစ်ကို တဖြည်းဖြည်းကူးပြောင်းလာခဲ့ပါပြီ။
ဒီနေ့ခေတ် မော်ဒန်နံပါတ် နိုင်းတွေက စပါးတိုက်စစ်မှူး ဟယ်ရီကိန်းလို နံပါတ် (၁၀) ကစားသမားမျိုးပါ။ တောင်ပံလည်း ထွက်ဆော့နိုင်သလို နှစ်ယောက်တွဲ၊ သုံးယောက်တွဲအပြင် လိုအပ်ရင် နောက်ချန်တိုက်စစ်ပါ ဆော့နိုင်တဲ့အထိ တိုက်စစ်ကို ဦးဆောင်နိုင်ရပါမယ်။ ရက်ရှ်ဖို့ဒ်က အဲဒီလို အရည်အချင်းတွေရှိပြီး၊ အဆုံးသတ်နဲ့ နေရာယူပုံပဲ လိုအပ်နေခဲ့တာမလို့ တန်ဟတ်ရဲ့ ဘင်မက္ကာသီခေါ်ယူခန့်အပ်ခဲ့တဲ့ အစီအစဉ်ဟာ အလုပ် ဖြစ်လာခဲ့ပါတယ်။ လိဒ်နဲ့ပွဲမှာလို ဘောလုံးက ရှေ့မရောက်တော့ရင် တစ်လုံးဆိုတစ်လုံး အဆုံးသတ်ပြလိုက်တာမျိုးက နိုင်ပွဲတွေဆီဦးတည်စေခဲ့တာပါ။ တန်ဟတ်ရဲ့ လူသိပ်မသိတဲ့ မာစတာပလန်တစ်ခုပါပဲ။