



crd

unicode

ကမ္ဘာ့ဖလားမှာ ရွန်နေး မစောင့်နိုင်လောက်အောင်ကြည့်ချင်နေတဲ့ မန်ယူကစားသမား

ကမ္ဘာ့ဖလားပြိုင်ပွဲမှာ လီဆန်ဒရိုမာတီနက်ဇ်ကစားတာကိုမြင်ရဖို့အတွက် မစောင့်နိုင်အောင်ဖြစ်နေမိတယ်လို့ ယူနိုက်တက်တိုက်စစ်မှူးဟောင်းဝိန်းရွန်နေးက ပြောဆိုလိုက်ပါတယ်။ မာတီနက်ဇ်ဟာ ပြီးခဲ့တဲ့နွေရာသီမှာ အေဂျက်ကနေ ယူနိုက်တက်ကို ပေါင် ၅၇ သန်းနီးပါးနဲ့ပြောင်းရွှေ့လာခဲ့တဲ့နောက် အိုးလ်ထရက်ဖို့ဒ်ရဲ့ အချစ်တော်ကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်။ အသက် ၂၄ နှစ်အရွယ်ကစားသမားရဲ့ ရုပ်ပိုင်းဆိုင်ရာဖွဲ့စည်းပုံနဲ့ပတ်သက်ပြီး သံသယဖြစ်ခဲ့ကြပေမယ့် ဘောလုံးစကေးကြွယ်လွန်းတဲ့ မာတီနက်ဇ်ဟာ အတိုက်အခံတွေကို အလုပ်နဲ့သက်သေပြနိုင်ခဲ့ပါတယ်။

The Times သတင်းစာနဲ့တွေ့ဆုံမှုမှာတော့ ရွန်နေးက ” ကျွန်တော် Lisandro Martinez ကို အရမ်းကြိုက်ပါတယ်ဗျာ သူ့ပုံစံက ကျွန်တော်ကြိုက်တဲ့ ပုံစံမျိုးပါ။ သူအသင်းကိုရောက်လာတာ မကြာသေးပေမဲ့ သူ့ကိုကြည့်ရတာ တကယ့်ကိုတက်ကြွပြီးတော့ ကြမ်းကြမ်းတမ်းတမ်းလဲရှိတယ်။ သူက ယူနိုက်တက် နဲ့ အာဂျင်တီးနားအသင်းအတွက် ကြီးကျယ်တဲ့ကစားသမားဖြစ်လာမှာပါ” လို့ ချီးကျူးခဲ့ပါတယ်။

ဆက်လက်ပြီး အင်္ဂလန်တိုက်စစ်မှူးဟောင်းက မက်ဆီအတွက် ထာဝရအကောင်းဆုံးအဖြစ်ရပ်တည်ဖို့နဲ့ ကမ္ဘာ့ဖလားဗိုလ်စွဲနိုင်ခြေတွေအကြောင်းလည်း ပြောဆိုသွားခဲ့ပါတယ်။ “၂၀၁၆ မှာ ပေါ်တူဂီနဲ့အတူ ရော်နယ်ဒို ယူရိုချန်ပီယံဖြစ်ခဲ့တာကို လူတွေပြောနေကြတယ်။ မက်ဆီနဲ့ ရော်နယ်ဒို ဘယ်သူပဲဖြစ်ဖြစ် ကမ္ဘာ့ဖလားဆွတ်ခူးနိုင်ရင်တော့ ဘောလုံးလောကအတွက် ကောင်းမွန်တဲ့ဇာတ်လမ်းတစ်ပုဒ်ဖြစ်မှာပါ။ အာဂျင်တီးနားကစားသမားအချို့က မက်ဆီအတွက်အောင်ပွဲခံချင်တယ်လို့ပြောတာကြားဖူးတယ်။ ဒါကရူးသွပ်လွန်းပြီး သူတို့အပေါ်ဖိအားတွေကျစေနိုင်တယ်။

မက်ဆီနဲ့ ရော်နယ်ဒိုအပေါ် အမြင်အမျိုးမျိုးရှိပေမယ့် မက်ဆီက အကောင်းဆုံးလို့ ကျွန်တော်ကြိမ်ဖန်များစွာပြောခဲ့ဖူးပါတယ်။ မာရာဒိုနာနဲ့ကစားတဲ့ ဗီဒီယိုမှတ်တမ်းတွေ အများကြီးကြည့်ဖူးတယ်၊ သူ့ထက် မက်ဆီပိုကောင်းပါတယ်။ ရော်နယ်ဒိုက ဂိုးသွင်းသူပိုဆန်ပြီး မက်ဆီကတော့ ပွဲထိန်းချုပ်ပုံ၊ အလိမ်အခေါက်၊ ဂိုးဖန်တီးမှုအပြင် အရာအားလုံးပိုင်ဆိုင်ထားပါတယ် ” လို့ ရွန်နေးက ချီးကျူးသွားခဲ့ပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *